Tuesday, January 18, 2011

ကျွန်တော်နှင့် မိုးရေထဲက အမှတ်တရများ

ဒီနေ့ ဒူဘိုင်းမှာ မိုးဖွဲဖွဲလေးရွာနေတယ်။ ကျွန်တော် အိမ်ကို ငယ်သူငယ်ချင်းတစ်ယောက်လာလည်မယ်ဆိုလို့ ကျွန်တော် နေမကောင်းပေမယ့် သူနဲ့ ကျွန်တော်စားဖို့ ပြင်ဆင်ချက်ပြုတ်ရင်း သူ့ကို ကျွန်တော်မျှော်နေခဲ့တယ်။ မနက် ၁ဝ နာရီ ဝန်းကျင်လောက် သူဘတ်စကားဂိတ်ကို ရောက်နေကြောင်း ဖုန်းဆက်ပြောတော့ ကျွန်တော် သူ့ကို ကြိုဖို့ အိမ်ကနေ ထီးတစ်ချောင်းနဲ့ ထွက်ခဲ့လိုက်တယ်။ အနွေးထည်ဝတ်ခဲ့ရသေးတယ်။ သိတယ်မဟုတ်လား။ ဆောင်းတွင်းမှာ ရွာတဲ့မိုးဆိုတော့ လေအေးရော မိုးအေးပါထိရင် ကျွန်တော့အဖျားက ပျောက်တော့မှာ မဟုတ်ဘူး။ ဒီနှစ်ဆောင်းတွင်းကတော့ ကျွန်တော် ကဗျာမဆန်နိုင်လောက်အောင် ကျွန်တော့်ကို ဒုက္ခပေးတဲ့ ဆောင်းလို့ပြောလို့ရတယ်။

ကျွန်တော့်သူငယ်ချင်းနဲ့ ကျွန်တော် သူ ဒူဘိုင်းရောက်ကတည်းက ၂ ခေါက်ပဲ တွေ့ကြသေးတာမို့ ဒီတစ်ခေါက် ကျွန်တော်တို့ တတိယအကြိမ်တွေ့ရမှာမို့ သူ လာလည်မှာကို ကျွန်တော် မငြင်းသာခဲ့ပါဘူး။ သူငယ်ချင်း ရှာမှ ရှားတဲ့ ကျွန်တော့်အဖို့ သူ လာလည်မယ်ဆိုကတည်းက ကျွန်တော် ပျော်နေခဲ့တာပါ။ ငယ်ငယ်တုန်းက သူငယ်ချင်းဆိုတာကို သိပ်ဂရုမစိုက်ခဲ့ပေမယ့် ကိုယ်စီအလုပ်လုပ်နေကြတဲ့ ခုချိန်မှာတော့ ကျွန်တော် ငယ်သူငယ်ချင်းတွေကို ပြန်တောင့်တနေမိတာ တော့ အမှန်ပါပဲ။

ကျွန်တော် ကားဂိတ်ကိုရောက်တော့ သူ့ခမျာ မိုးဖွဲဖွဲရွာနေတာမို့ ကားဂိတ် အဆောက်အဦးလေးထဲမှာ မိုးခိုရင်း စောင့်နေရှာတယ်။ ကျွန်တော့် အိမ်နဲ့ ကားဂိတ်က ၁ဝ မိနစ်လောက် လမ်းလျှောက်ရသေးတယ်လေ။ သူ ကျွန်တော့်ကို မြင်တော့ ကားဂိတ်ထဲကနေ ထွက်လာပြီး ကျွန်တော့် ထီးအောက်ကို ပြေးဝင်လာတယ်။ တော်သေးတယ်ဗျ။ ကျွန်တော့်ထီးက နည်းနည်းကြီးလို့ နှစ်ယောက်အတူ ဆောင်းလို့ရတယ်။ သူက တွေ့တွေ့ချင်း ဘာမေးလဲဆိုတော့ အိမ်မှာ ဘာချက်ထားလဲတဲ့။ ချစ်ဖို့ကောင်းတယ်နော်။ သူငယ်ချင်းနေကောင်းလားလို့ မမေးဘဲ ဘာချက်ထားလဲတဲ့။ အိမ်မှာ ထမင်းပဲချက်ထားခဲ့တယ်လို့ ပြောတော့ သူက ဝက်သားစားချင်တယ်တဲ့။ ကျွန်တော် ငယ်ငယ်ကအတိုင်း မေတ္တာပို့လိုက်တယ်။ သူက ရယ်ကျဲကျဲလုပ်ရင်း မင်းလက်ရာစားချင်လို့ ငါလာခဲ့တာပြောတော့လဲ ကျွန်တော် ခွင့်လွှတ်ရတာပေါ့။ ဒါနဲ့ ကျွန်တော်တို့နှစ်ယောက် ကားဂိတ်နောက် ခပ်လှမ်းလှမ်းက Supermarket မှာ ဝက်သားဝယ်ဖို့ထွက်ခဲ့ကြတယ်။ မိုးလေးအေးမှာ နှစ်ယောက် ထီးမလုံ တလုံဆောင်းရင်း ငယ်ငယ်က ကျောင်းတက်ခဲ့ကြတာကို ကျွန်တော် သတိရမိတယ်။ သိပ်အပြစ်ကင်းတဲ့ ကလေးဘဝမှာ သူငယ်ချင်းတွေ မိုးရွာထဲမှာ ထီးမဆောင်းဘဲ အစိုခံရင်း အိမ်ကို အပြေးပြန်ရင်း လမ်းမှာ တွန်းထိုးဆော့ကစားခဲ့ကြတယ်။

ကျွန်တော်တို့ဝက်သားဝယ်ပြီးတော့ ကျွန်တော့ အိမ်ဘက်ကို ဆက်လျှောက်ခဲ့ကြတယ်။ သူက လမ်းလျှောက်ရင်းနဲ့ ဆေးလိပ်တောင်းသောက်တော့ ကျွန်တော် သူ့ကိုလည်း ဆေးလိပ်ထုတ်ပေးရင်း ကျွန်တော်လည်း တစ်လိပ်ထုတ်သောက် လိုက်တယ်။ သူရော ကျွန်တော်ပါ ပြုံးရင် တစ်ယောက်ကို တစ်ယောက် မတိုင်ပင်ဘဲ ကြည့်လိုက်မိတယ်။ နောက်တော့ ကျွန်တော် ထီးတစ်ဖက်နဲ့ ဆေးလိပ်သောက်လို့ အဆင်မပြေတာမို့ ထီးပိတ်လိုက်တယ်။ သူက အံ့ဩစွာမေးတယ်။ ဘာရူးဦးမလို့လဲတဲ့။ ကျွန်တော်က သူငယ်ချင်းတွေတွေ့တုန်း လွတ်လွတ်လပ်လပ် လျှောက်ကြမယ်လေလို့ ပြောလိုက်တော့ ကျွန်တော့်သူငယ်ချင်းက အလိုက်သိစွာ ကျွန်တော့်ထီးကို သူယူလိုက်ပြီး ကျွန်တော်က ဝက်သားထုတ်ကိုကိုင်ပြီး ဆေးလိပ်သောက်ရင်း အိမ်ကို လျှောက်ခဲ့ကြတယ်။ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ဖျားချင်လည်း ဖျားပါစေတော့။ ငယ်ဘဝ အမှတ်တရ ပျော်ပျော်လျှောက်ကြမယ်ဆိုပြီး သူ့ကိုပြောရင်း ရီကြမောကြနဲ့ မိုးဖွဲဖွဲထဲမှာ လမ်းလျှောက်ရင်း ပြန်ခဲ့ကြတယ်။ ကျွန်တော်ရော သူပါ တော်တော်လေး ပြောင်းလဲခဲ့ကြတယ်။ ငယ်ငယ်တုန်းက ဆေးလိပ်မသောက် အရက်မသောက်ခဲ့ကြဘဲ ခုအရွယ်ကြမှ ဆေးလိပ်သောက်တတ်နေခဲ့ကြပြီ။ သူရောကျွန်တော်ပါ တူတာတစ်ခုက ငယ်ငယ်က ကျောင်းမှာ ဘာပွဲလုပ်လုပ် သီချင်းဆိုရမယ် ကရမယ်ဆိုရင် နှစ်ယောက်သားထိပ်ကနေ ဝင်ကဲခဲ့ကြတယ်။ တွေးကြည့်ရင်တော့ လူတွေဟာ အချိန်အခါနဲ့ အမျှ ပြောင်းလဲတတ်ကြတာပဲလေ။ ဆိုးချင်ဆိုးမယ်၊ ကောင်းချင်ကောင်းမယ်။ ပတ်ဝန်းကျင်ကို မထိခိုက်သရွေ့ ကျွန်တော်တို့ လွတ်လပ်စွာနေထိုင်ခွင့်ရှိတာပဲ မဟုတ်လား။

လမ်းတစ်ဝက်လောက်ရောက်တော့ ကျွန်တော် သူ့ကို ငယ်ငယ်က ကျောင်းဆင်းချိန် မိုးရွာတာကို သတိရသေးလား လို့မေးလိုက်တယ်။ ဘာလဲ ပြေးဦးမလို့မလားလို့ သူက ပြန်ပြောတာနဲ့ နှစ်ယောက်သား တိုင်ပင်စရာမလိုဘဲ အိမ်ရှိရာဘက်ကို တစ်ယောက်ကို တစ်ယောက် အတင်းဆွဲရင်း ပြေးခဲ့ကြတယ်။ လမ်းမှာ တွေ့တဲ့လူတွေက ကျွန်တော်တို့နှစ်ယောက်ကို အရူးတွေ ငပေါတွေလို့ပဲ ထင်ကြမလားမသိဘူး။ ထင်ချင်သလို ထင်ကြပါစေ။ ကျွန်တော်တို့ စိတ်ကိုသူတို့ သိရင်လည်း သူတို့လည်း ကျွန်တော်တို့နည်းတူလုပ်ကြမှာဆိုတော့ အသေအချာပါပဲ။

ကျွန်တော်နေထိုင်ရာ အဆောက်အဦးအောက်ရောက်တော့လည်း ကျွန်တော်တို့နှစ်ယောက် ဓာတ်လှေကားရှိရာကို သူ့ထက်ငါ ဦးအောင်ပြေကြတယ်။ ပြီးတော့ နှစ်ယောက်သား ဓာတ်လှေကားထဲမှာ မောနေကြတယ်။ ဒါပေမယ့် ကျွန်တော် သိတာတစ်ခုကတော့ သူရော ကျွန်တော်ပါ ၁၅ နှစ်လောက် ပြန်ငယ်သွားကြတယ်။ ၉ နှစ်သား ၄ တန်းကျောင်းသားတွေလို ပြန်ခံစားမိကြတယ်။ ကျွန်တော့် အခန်းရှိရာ ၁၄ ထပ်ကိုရောက်တော့ ကျွန်တော် အခန်းသော့ဖွင့်နေတုန်း သူက ငယ်ငယ်က ကျွန်တော်တို့နှစ်ယောက် ၈ တန်းကျောင်းသားအရွယ်က ကျောင်းကပွဲမှာ ဆိုခဲ့ကြတဲ့ မမ မန်းကေသီ သီချင်းကို ဆိုတော့ ကျွန်တော်က နောက်က သံယောင်လိုက်ရင်း ဆိုမိတယ်။ အခန်းထဲရောက်တော့ သူ့ကို ကျွန်တော့် အိပ်ခန်းဘက်ခေါ်သွားပြီး ကျွန်တော့် laptop ဖွင့်ပေးထားလိုက်တယ်။ နောက် ကျွန်တော်လဲ မီးဖိုထဲဝင်ခဲ့တယ်။ ဝက်သားကို အစပ်ချက်မှာမို့ မချက်ခင် ရေဆေးပြီး ငံပြာရည်၊ ပဲငံပြာရည်၊ ဆား ဆံနွင်း ဆီနည်းနည်းထည့်ပြီး နှပ်ထားခဲ့လိုက်တယ်။

ကျွန်တော် အခန်းဘက်ပြန်ရောက်တော့ သူက ကျွန်တော့်အိပ်ရာပေါ်မှာ သီချင်းနားထောင်ရင်း ဇိမ်ကျနေတယ်။ ကျွန်တော်ဝင်လာတော့ သူက ထထိုင်ရင်း ကျွန်တော်ထိုင်ဖို့ နေရာဖယ်ပေးတယ်။ ကျွန်တော်လည်း အင်္ကျိလဲပြီး သူ့နားမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ပုခုံးကို ဖက်ရင်း သူ့ဓာတ်ပုံတွေကို Facebook ကနေဖွင့်ပြတယ်။ ကျွန်တော်ကလည်း ကျွန်တော့် အကောင့်ကို ဖွင့်ရင်း သူ့ကို ကျွန်တော့်ပုံတွေပြပေါ့။ နောက်တော့ သူရော ကျွန်တော်ပါ အလုပ်အကြောင်းတွေ မပြောဖို့ ဆုံးဖြတ်ရင်း ငယ်ငယ်က အကြောင်းတွေ ပြန်ပြောင်းပြောဖြစ်ကြတယ်။ ကျွန်တော်လည်း သူ့ဖွင့်ထားတဲ့ သီချင်းကိုပိတ်ပြီး ကျွန်တော် ဒီရက်ပိုင်းနားထောင်ဖြစ်တဲ့ ခင်မောင်တိုး၊ ဂျေမောင်မောင် ဂျေညီညီ သီချင်းတွေဖွင့်ပြီး သူ့ကို ကျွန်တော်မီးဖိုခန်းဘက် ခေါ်ခဲ့တယ်။ Laptop ကိုလည်း မီးဖိုထဲယူခဲ့ကြတယ်။

သူက ကျွန်တော်ဖွင့်ထားတဲ့ သီချင်းတွေကို နားထောင်ရင်း သူငယ်ချင်း မင်း ငယ်ငယ်တုန်းက အကြောင်းတွေကို တော်တော်သတိရနေတာလားလို့ မေးရှာတယ်။ ကျွန်တော်လည်း အမှန်အတိုင်းဝန်ခံလိုက်တယ်။ ဟုတ်တယ်။ ကျွန်တော် အမေ့အိမ်ကို အရမ်းလွမ်းနေတယ်။ ဖျားနေချိန်မှာ ပိုဆိုးတယ်။ တစ်ယောက်တည်းနေရင်း ကိုယ့်ခြေထောက်ပေါ်ရပ်ရင်း ကိုယ့်အားကိုယ်ကိုးနေရတာမို့ စိတ်ပင်ပန်းတဲ့ အချိန်၊ နေထိုင်မကောင်းတဲ့ အချိန်ဆို ပိုလွမ်းတယ်။ ကျွန်တော် ဟင်းချက်ရင်း သူက ကျွန်တော့်ကို ကြည့်ရင်း ကျွန်တော် တော်တော်ပြောင်းလဲသွားကြောင်းပြောတယ်။ ငယ်ငယ်က ကျွန်တော်က အရမ်းချေးများတဲ့ကောင်လေ။ ကျွန်တော် နေနေကျနေရာ၊ ထိုင်နေကျနေရာမှာပဲ နေသလို၊ စားနေကျဆိုင်မှာပဲ ဆိုင်တယ်။ မာနကြီးတာတော့ မဟုတ်ဘူး။ အစွဲအလန်းကြီးတာမျိုးပေါ့။ ခုတော့ ကျွန်တော် ကြုံသလိုစားတယ်။ ဖြစ်သလိုနေတယ်။ ကျွန်တော်ပြုံးမိတယ်။ ဒူဘိုင်းမှာ ဒီလိုမနေရင် အိမ်ကို ဘယ်လိုငွေပို့မလဲလို့ ကျွန်တော်ပြန်ပြောတော့ သူက ဟုတ်တော့လည်း ဟုတ်ပါတယ်တဲ့။

ကျွန်တော် ဟင်းချက်နေတုန်း ကျွန်တော်တို့ကျောင်းနေဘက် သူငယ်ချင်းတွေ အကြောင်းပြောဖြစ်ကြတယ်။ ကျွန်တော်တို့ တက်ခဲ့ကြတဲ့ကျောင်းက မြောက်ဥက္ကလာက အ.လ.က (၈)ပါ။ လူနေရပ်ကွက်ထဲက ကျောင်းလေးတစ်ကျောင်း ပါ။ ခုချိန်မှာတော့ မြောက်ဥက္ကလာမှာ တိုးတက်တဲ့ နာမည်ကြီး အလယ်တန်းကျောင်းတစ်ကျောင်းဖြစ်နေပါပြီ။ ဒါဟာ ကျွန်တော်တို့ရဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းကြည်ရဲ့ဦးဆောင်မှု၊ ရပ်မိရပ်ဖများရဲ့ပံ့ပိုးမှု၊ ကျွန်တော်တို့ကျောင်းသား/ သူများရဲ့ ကြိုးစားမှု တွေကြောင့်ပါ။ ကျွန်တော်တို့မူလတန်းကျောင်းသားအချိန်တုန်းက မိုးရွာရင်မိုးယိုပြီး လေတိုက်တိုင်း အသံထွက်နေတဲ့ ကျောင်းဆောင်တွေမှာ စာသင်ခဲ့ရပါတယ်။ ကျောင်းရဲ့ ဗထူးခန်းမကြီးတော့ ကျွန်တော်တို့ရဲ့ မုန့်ဈေးတန်းလည်း ဖြစ်သလို ကျွန်တော်တို့ရဲ့ ကစားကွင်းလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်၊ ကျွန်တော့်ဆီကို အလည်လာတဲ့ သူငယ်ချင်း ဇော်ဝင်ထွန်း၊ သန်းထက်ဝင်း၊ ဆန်းလင်းအောင်၊ သော်ဇင်ဟိန်း၊ အောင်မျိုးမြင့်၊ သက်ဆွေဦး၊ နေမျိုးနောင်၊ ဟန်လင်း၊ ဇင်ဘိုမင်း၊ အောင်ကိုကို၊ အိချယ်ရီထွန်း၊ စန္ဒာအောင်၊ မွန်မွန်၊ လဲ့လဲ့ဝတ်ရည်၊ ခိုင်ရည်မွန်၊ သက်မွန်မြင့် (ရုပ်ရှင်သရုပ်ဆောင် မဟုတ်ပါ)၊ ထက်ထက်အောင် (၁၊၂) (နှစ်ယောက်ရှိပါသည်)၊ ခရမ်ချီ (သိင်္ဂိအောင်)၊ ကျွန်တော်တို့တွေဟာ အတွဲညီတဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ ဆော့ရင်လည်း မျောက်ရှုံးအောင် ဆော့ခဲ့ကြသလို ပညာရေးဖက်မှာလည်း ပြိုင်ဖက်တွေ ဖြစ်ခဲ့ကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် နာမည်ဖျက်ကြ၊ နောက်ကြပြောင်ကြ၊ ရန်ဖြစ်လိုက်၊ စိတ်ကောက်လိုက်၊ ပြန်ချော့လိုက် ပြန်ချစ်လိုက်နဲ့ စာသင်နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ဖြတ်သန်းခဲ့ကြပြီး ခုဆိုရင် တစ်ယောက်တစ်မြေဆီရောက်လို့ ကိုယ့်ဘဝတာဝန် ကိုယ်ထမ်းနေကြရပြီလေ။ ငယ်ငယ်က တစ်နှစ်ကို ၉ လ ကျောင်းအတူတက် စာအတူကျက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ခုချိန်မှာတော့ ဘယ်လိုမှ တစုတစည်းတည်း မတွေ့နိုင်ကြတော့ဘူး။ ကျွန်တော်က ပထမဆုံး ဒူဘိုင်းကို ထွက်ခဲ့တယ်။ နောက်တော့ ဇော်ဝင်ထွန်းက ဟိုတယ်လုပ်ငန်းနဲ့ ဒူဘိုင်းကို ရောက်လာတယ်။ သန်းထက်ဝင်းနဲ့ ဇင်ဘိုမင်းက စင်ကာပူကို ထွက်သွားကြတယ်။ ကျွန်တော် ခရမ်ချီလို့ နာမည်ဖျက်ခဲ့တဲ့ သိင်္ဂိအောင်ကတော့ ဂျပန်နဲ့ ရန်ကုန် ခေါက်တုံ့ခေါက်ပြန် သွားနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အရာရှိကြီးတစ်ယောက်ဖြစ်နေခဲ့ပြီ။ ကျွန်တော်တို့အဖွဲ့ထဲက ဆန်းလင်းအောင်ကတော့ ၂ဝဝ၇ ခုနှစ် အရေးအခင်းကတည်းက အဆက်အသွယ်မရခဲ့တာ ခုထိပါပဲ။ ဘယ်ဆီရောက်လို့ ဘယ်အထိ ဘဝခရီးပေါက်နေပြီလဲဆိုတာတော့ ဘယ်သူငယ်ချင်းမှ မသိတော့ပါဘူး။ အိချယ်ရီထွန်းကတော့ ကျွန်တော်မှတ်မှတ်ရရ ဖြစ်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပါ။ သူက ခုချိန်မှာ ကိုရီးယားစကားပြန်လုပ်ရင် အသက်မွေးဝမ်းကျောင်း ပြုနေပါတယ်။ စန္ဒာအောင်ကတော့ ဘဝခရီးကို လက်တွဲဖော်နဲ့အတူ ရင်ဆိုင်ရင် မိသားစုလေးတစ်ခု ပိုင်ဆိုင်နေခဲ့ပါပြီ။ ထက်ထက်အောင် နှစ်ယောက်လုံးကတော့ အစိုးရဌာနတွေမှာ ကိုယ်စီ အလုပ်ဝင်ရင်း အရာရှိပေါက်စတွေ ဖြစ်နေကြပြီလို့ ကြားမိပါတယ်။ သက်မွန်မြင့်ကတော့ ငယ်ငယ်ကတည်းက ချူချာသူမို့ အိမ်မှာပဲ တနိုင်စီပွားရေးလုပ်ရင်း မိဘနဲ့ အတူ တသက်လုံးနေပြီး အပျိုကြီးပဲ လုပ်တော့မယ်လို့ ကြွေးကြော်ထားတယ်။ သော်ဇင်ကတော့ ရန်ကုန်က အကောက်ခွန် ရှင်းလင်းရေးနဲ့ ပို့ကုန် သွင်းကုန် ကုမ္ပဏီတစ်ခုမှာ နေရာရတဲ့ ဝန်ထမ်းတစ်ဦးဖြစ်နေပါပြီ။ သက်ဆွေဦးကတော့ ငယ်ငယ်တုန်းကအတိုင်း အနောက်အပြောင်မပျက်နေထိုင်ရင်း မုန့်ဖုတ်တဲ့ ပညာရှင်တစ်ဦးအဖြစ် လေ့လာသင်ကြားရင်း ဝမ်းကျောင်းနေခဲ့ပြီ။ ကျွန်တော်တို့ ချစ်စနိုးနဲ့ ခေါမ လို့ခေါ်ခဲ့တဲ့ အောင်မျိုးမြင့်ကတော့ နိုင်ငံတော်အတွက် သားကောင်းပီသဖို့ တပ်မတော် စစ်တက္ကသိုလ်ကကျောင်းဆင်းလို့ ခုဆို မြစ်ငယ်မှာ ဗိုလ်ကြီးအောင်မျိုးမြင့်အဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေပါပြီ။

ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းဇော်ဝင်းထွန်းနှစ်ယောက်သား ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ကျွန်တော် ချက်တဲ့ ဝက်သားဟင်းကို မြိန်ရှက်စွာ အားရပါးရ စားသောက်ကြပြီး ကျွန်တော်ဖျော်တဲ့ ကော်ဖီ တစ်ယောက်တစ်ခွက်ကိုင်ကာ မိုးဖွဲဖွဲရွာနေတဲ့ ဒူဘိုင်းမြို့ရဲ့ အလှကို ကျွန်တော့်အခန်းက ဝရန်တာကနေ ခံစားနေခဲ့ကြတယ်။ မှိုင်းညို့ညို့ကောင်းကင်းကနေ မိုးပုလဲတွေ ဖွဲဖွဲညင်းညင်းလေးရွာနေတာကို ကြည့်ရင်း အမိမြေကိုလွမ်းသလို ငယ်စဉ်က မိုးရေထဲမှာ သူငယ်ချင်းတစ်သိုက် ဆော့ကစားခဲ့ကြတာကို သတိရနေခဲ့ကြတယ်။

သူက ကျောင်းက ဗထူးခန်းမကို သတိရသေးလားလို့ မေးတော့ ကျွန်တော် မဆိုင်းမတွ ပြန်ဖြေလိုက်တယ်။ ကျွန်တော်တို့ ငယ်သူငယ်ချင်းတွေအကြောင်း ပြန်တွေးရင် ကျောင်းက ဗထူးခန်းမကြီးကို မေ့လို့မရဘူးဆိုတာ ကျွန်တော်တို့ သူငယ်ချင်းတွေအသိပါပဲ။ ကျောင်းဖွင့်ချိန် မိုးရာသီဆိုရင် ဗထူးခန်းမထဲမှာ ရေတွေ ပြည့်နေတတ်ပါတယ်။ ဗထူးခန်းမကြီးဟာ ကျွန်တော်တို့ ကျောင်းစတည်ထောင်ချိန် ကျွန်တော်တို့ မိဘတွေ ကျောင်းသားဘဝကတည်းက ရှိခဲ့တဲ့ ခန်းမဟောင်းကြီးပါ။ ခန်းမကြီးစင်မြင့်ပါရှိတဲ့ ခန်းမတစ်ခုပါ။ ဘေးက အကာတွေကတော့ ကျွန်တော်တို့ သူငယ်တန်းလောက်က တပိုင်းတစ်စ ရှိနေခဲ့ပေမယ့် ကျောင်းသာ/သူတွေ မကြာခဏ ထိခိုက်မိတဲ့အတွက် ကျွန်တော်တို့ ၄ တန်းလောက်အရောက်မှာ လုံးဝဖယ်ရှားပစ်လိုက်ပါတယ်။ ခုနက အကြောင်းကို ဆက်ရရင် ခန်းမကြီးရဲ့ ကြမ်းခင်းဟာ အနိမ့်ဖြစ်ပြီး ဘေးပတ်လည်မှာ အင်္ဂတေဘောင်ပတ်ထားတာမို့ မိုးရွာရင် ရေဝင်ပြီး ရေအိုင်ငယ်တစ်ခုလို ဖြစ်နေတတ်ပါတယ်။ ကျောင်းမုန်ဈေးတန်းကလည်း မိုးရာသီဆိုရင် ရေလွတ်ရာ ခန်းမကြီးရဲ့ အမြင့်ပိုင်းဖြစ်တဲ့ စင်မြင့်ဘက်မှာ ရှိပါတယ်။ မုန့်စားဆင်းချိန်ဆို ကျွန်တော်တို့ သူငယ်ချင်းတွေ ရေတစ်ဝက် ကုန်းတဝက်ဖြစ်နေတဲ့ အဲဒီခန်းမကြီးထဲမှာပဲ ရေလားကုန်လား (ရေသရဲ၊ကုန်းသရဲ) ဆော့ကစားခဲ့ကြတယ်။ ကျောင်းဆင်းချိန်ကြရင် လစ်ရင်လစ်သလို လစ်တဲ့သူကို ရေထဲတွန်းချပြီး နောက်ကြ ပြောင်ခဲ့ကြပါတယ်။

ကျွန်တော်တို့ ကျောင်းတည်ရှိရာ ရပ်ကွက်က မိုးတွင်းတိုင်း ရေလျှံတတ်တာမို့ ကျောင်းရှေ့တာလမ်းမကြီးဟာ မိုးသည်းသည်းရွာတဲ့နေ့ဆို ကလေးဒူးလောက်အထိ ရေမြုပ်တတ်ပါတယ်။ မိုးသည်းသည်းရွာတဲ့နေ့ ကျောင်းဆင်းချိန်ဆို ကျွန်တော်တို့အဖို့တော့ အပျော်ဆုံးအချိန်တွေပါပဲ။ ကျောင်းက ကျောင်းသားတွေအားလုံးဟာ ရပ်ကွက်ထဲမှာနေတာမို့လို့ မိုးရေထဲမှာ ဒူးလောက်မြုပ်နေတဲ့ ရေတောထဲကနေ အိမ်ကို အပြေးပြန်ခဲ့ကြတာတွေဟာ ကျွန်တော်တို့အဖို့တော့ ပြန်မရနိုင်တဲ့ အတိတ်ထဲက အမှတ်တရတွေ ဖြစ်ခဲ့ပါပြီ။ တစ်ယောက်ကိုတစ်ယောက် ရေနဲ့ ကန်ကြ၊ ရေထဲတွန်းချကြနဲ့ တစ်ကိုယ်လုံး ရွှဲရွှဲစိုတဲ့အထိ ဆော့ကစားခဲ့ကြတယ်။ ဆရာဆရာမတွေ အော်ငေါက်နေတဲ့ကြားကပဲ ဆော့ခဲ့ကြ ပျော်ခဲ့ကြပါတယ်။ ကျူရှင်တက်တဲ့ အိမ်ကိုလည်း မိုးရွာလို့ ရေလျှံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီလိုနေ့မျိုးဆို ဘယ်ကလေးမှ မလာကြပါဘူး။ ကျွန်တော်တွေးမိတယ်။ အဲဒီအချိန်တွေဟာ ကလေးဘဝရဲ့ အပြစ်ကင်းတဲ့ ပျော်ရွှင်မှုတွေ၊ ဘယ်တော့မှ ကျွန်တော်တို့ ပြန်မရနိုင်တဲ့ အချိန်တွေပေါ့။

ကျွန်တော်တို့ ၇ တန်းကျောင်းသားတွေဖြစ်လာတဲ့နှစ်မှာ ကျောင်းအုပ်ဆရာမကြီးက ကျွန်တော်တို့ အဖွဲ့ (အထက်ကဖော်ပြခဲ့တဲ့ ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်းများ)ကို ဝိုင်အမ်ဘီအေ ကကြီးမှူးကျင်းပတဲ့ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဝင်ဖို့ စီစဉ်ပေးပါတယ်။ မှတ်မှတ်ရရ အဲဒီနေ့က ရန်ကုန်မှာ မိုးသည်းကြီးမည်းကြီး ရွာတဲ့နေ့ပါ။ ကျောင်းကနေ ကားနဲ့ ထွက်လာတုန်းကတော့ မိုးအုံ့နေပေမယ့် လမ်းရောက်တဲ့ အချိန်မှာတော့ မိုးရွာပါတယ်။ ကားက ဟိုင်းလပ်ကားပါ။ ရပ်မိရပ်ဖတစ်ဦးက ကူညီတဲ့ ကားပါ။ အသွားခရီးစဉ်ကတော့ စာစီစာကုံးပြိုင်မှာမို့ မိုးစိုမှာဆိုးတာနဲ့ မိုးကာကာပြီးသွားကြပါတယ်။ ဒါပေမယ့် လမ်းမှာ လူငွေ့နဲ့ ကားကထွက်တဲ့အငွေ့တွေနဲ့ ကျွန်တော်တို့တွေ မူးကြမော်ကြနဲ့ပေါ့။ စာစီစာကုံးပြိုင်ပွဲပြီးတော့ နေ့ခင်း ၁၂ နာရီလောက်ရှိတာမို့ ဝိုင်အမ်ဘီအေ အသင်းကနေအပြန် အမျိုးသားပြတိုက်ဘက်ကို ဆက်ထွက်ခဲ့ကြပါတယ်။ အမျိုးသားပြတိုက်မှာ လေ့လာရေးသဘောမျိုးဝင်ကြည့်ကြရင်း နေ့လည်စာကို အဲဒီမှာပဲ စားကြပါတယ်။ ကျွန်တော်တို့ ပြတိုက်က အပြန်မှာတော့ မိုးက တော်တော် သည်းနေပါပြီ။ ဒါနဲ့ ကျွန်တော် ခေါင်းဆောင်ပြီး ဆရာမကြီးကို ကားမှာ မိုးကာမပိတ်ဖို့ပြောတော့ ဖျားကုန်မယ်လို့ပြောပြီးတားပါတယ်။ ဒါပေမယ့် ဆရာမတစ်ယောက်ထပြီး မိုးကာပိတ်ရင် ကလေးတွေမူးပြီး အံကြမယ့်အကြောင်းနဲ့ ကားက အိတ်ဇောအရမ်းထွက်တယ်လို့ပြောတော့ ဆရာမကြီးက နောက်ဆုံးသဘောတူလိုက်ရတယ်။ နောက်ပြီး အဲဒီနေ့က သောကြာနေ့ဖြစ်နေတော့ နောက်နှစ်ရက်ကျောင်းပိတ်မှာမို့ ဖျားနာရင်တောင် ကျောင်းပျက်မှာ မပူရဘူးလေ။ ဒါနဲ့ပဲ ကျွန်တော်တို့ လွယ်အိတ်တွေကို ကားခေါင်းခန်းက ဆရာမကြီးဘေးကို ပို့လိုက်ကြပါရော။ တလမ်းလုံးမိုးရွားထဲမှာ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်နဲ့ ကြီးကြပ်ရေးဆရာမပါ ပျော်လိုက်ကြတာ ရွာမှာ နွားလှည်းစီးပြီး အပျော်ခရီးထွက်သလိုပဲ။ မိုးသည်ရွာနေတာမို့ ကားတွေ အရှိန်ထိန်းမောင်းရင်း တချို့နေရာတွေမှာ ကားလမ်းတွေ ပိတ်တဲ့အထိသည်းတာပါ။ ကျွန်တော်တို့တွေကတော့ ပျော်ပွဲစားထွက်သလိုမျိုးပဲ သီချင်းတွေဆိုကြ လက်ခုပ်တီးကြနဲ့ ကားပေါ်မှာ မိုးရေတွေရွှဲနေပေမယ့် ဂရုမထားပျော်နေခဲ့ကြတယ်။ ဆရာမကကျွန်တော့်ကို ညိုလင်းခေတ် နင်တော်တော်ကဲဆိုပြီး အောချရတဲ့အထိ ကျွန်တော်တို့တွေ ပျော်နေခဲ့ကြပါတယ်။ ဆရာမနာမည်ကတော့ ဒေါ်မာလာစိုးပါ။ ကျွန်တော့်အတန်းပိုင်ဆရာမပါပဲ။ ကြာတော့ ကျွန်တော်တို့တွေ အေးလာပြီး မကဲနိုင်တော့ဘဲ တစ်ယောက်ကို တစ်ယောက် ဖက်ထားကြတယ်။ မိုးကလည်း အညှိုးတော်တော်ကြီးပုံပဲ ရွာလိုက်တာမှ မဲနေတာပဲ။ ကျွန်တော်တို့တွေလည်း ကြွက်စုတ်လေးတွေလိုပဲ မိုးတွေရွှဲပြီး အေးလို့ တစ်ယောက်ကို တစ်ယောက်ဖက်ထားလိုက်ကြတာ။ နောက်နေ့ကျတော့ ကျွန်တော်တို့ကျောင်းသားတွေရော ဆရာမပါ ဖျားကြပါတယ်။ ဆရာမကြီးကလည်း ကျွန်တော့်ကိုရော ဆရာမကိုပါ ဆူပါတယ်။ ကျွန်တော်ရော ဆရာမပါ ဟုတ်ကဲ့ နောက်မလုပ်တော့ပါဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ပျော်ခဲ့ကြတယ်။

ကျွန်တော် အဲဒီအကြောင်းတွေ ပြန်ပြောပြတော့ ဇော်ဝင်းထွန်းက ညိုလင်းခေတ် မင်းတော်တော် မှတ်မိတယ်ဆိုပြီး မှတ်ချက်ပေးပါတယ်။ မင်းရော မမှတ်မိဘူးလားလို့ မေးတော့ ကျွန်တော့်လောက် မမှတ်မိတော့ဘူးလို့ ပြန်ဖြေပါတယ်။ သူက ပြောပါတယ်။ မင်း မျိုးဇာနည်ကို ရေထဲတွန်းချတာမှတ်မိသေးလားလို့ ကျွန်တော့်ကိုမေးတယ်။ မျိုးဇာနည်ဆိုတာ ကျွန်တော့် သူငယ်ချင်းတွေထဲက တစ်ယောက်ပါပဲ။ အဲဒီအချိန်တုန်းကတော့ သူက ကျွန်တော်တို့ထက်အတန်းကြီးတယ်။ ကျွန်တော့် ဘေးအိမ်မှာနေတဲ့ တစ်ယောက်ပါပဲ။ သူက ကျွန်တော်တို့ကို အမြဲရန်စတဲ့ကောင်ပေါ့။ တစ်ရက် ကျောင်းဆင်းချိန်မှာ သူနဲ့ ကျွန်တော် ဗထူးခန်းမထဲမှာ တွေ့ပါတယ်။ သူက ကျွန်တော့်ရှေ့ကနေ အင်္ဂတေဘောင်ပေါ်ကနေလျှောက်နေတုန်း ကျွန်တော် ရုတ်တရက် အကြံပေါ်တာနဲ့ ဟေ့ကောင်ဇာနည် ခဏစောင့်ဆိုပြီး သူနားကို အပြေးသွားလိုက်တယ်။ သူက မင်းက ငါ့ကို ဘာကိစ္စနဲ့ ဟေ့ကောင်ခေါ်ရတာလဲ ဘာညာနဲ့ ရစ်နေတုန်း ကျွန်တော် ဗြုန်းဆို သူရင်ဘတ်ကို စောင့်တွန်းပြီး ရေထဲကို ကန်ချလိုက်တယ်။ သူဘာမှ လုပ်ချိန်မရလိုက်ဘူး။ ရေထဲမှာ ပက်လက်ကလေး။ နောက်တခါ ဒီထက်ဆိုးမယ်လို့ ကျွန်တော်ပြောပြီး အိမ်ကို သုတ်ချေတင်ပြေးတော့တာပဲ။ တကယ်တော့ ကျွန်တော် ကြောက်တတ်တယ်။ မခံနိုင်လွန်းလို့သာ လုပ်လိုက်တာ ကြောက်လို့ အိမ်ကို တန်းပြေးတာပဲ။ ညနေကျတော့ သူ့အမေ အိမ်ကိုလာပြီး တိုင်ပါလေရော။ ကျွန်တော်လည်း ကျောကော့အောင် ခံလိုက်ရတယ်။ နောက်တော့ သူ ကျွန်တော့်ကိုရော ကျွန်တော့်သူငယ်ချင်းတွေကိုပါ မစတော့ဘူး။ နောက်ပိုင်းမှာ သူဟာ ကျွန်တော်တို့အတွက် သူငယ်ချင်းဖြစ်လာခဲ့ပါတယ်။

ကျွန်တော်နဲ့ ဇော်ဝင်ထွန်း ပြောရင်းဆိုရင်း ရီမောနေခဲ့ကြတယ်။ ငယ်ဘဝကို ပြန်ပြောကြရင်း စိတ်ထဲမှာ အားသစ်တွေ ဖြစ်ခဲ့ကြတယ်။ ကြည်နူးမှု လွမ်းမောမှုတွေကို တပြိုင်တည်းခံစားရင်း လတ်ဆတ်တဲ့ လေနုအေးကို ရှူရှိုက်ရင်း နေ့သစ်တွေကို အားတက်သရော ရင်ဆိုင်ကြမယ်လို့ အားတွေရခဲ့တယ်။ ကော်ဖီလည်းကုန်ပြီးမို့ ကျွန်တော်တို့ နှစ်ယောက်လည်း အတွင်းခန်းဘက်ပြန်ဝင်ခဲ့ကြတယ်။ သူလည်း သွားစရာရှိသေးတာမို့ နောက်မှ တွေ့ဖို့ပြောရင်း ပြန်ဖို့ ပြင်တယ်။ ကျွန်တော် မပြန်ဖို့ တားချင်ပေမယ့် ကိုယ့်ဘဝကိုယ်တောင် မပိုင်တဲ့ ဒူဘိုင်းဝန်ထမ်းဘဝကို ကိုယ်ပဲနားလည်တယ်လေ။ အချိန်ရှိတုန်း နားရက်မှာ လုပ်စရာရှိတာ လုပ်ရတယ်။ တကယ်ဆိုရင် ကျွန်တော်တို့ ဒီထက်ပိုပြီး အချိန်ကြာကြာနေချင်သေးတယ်ဆိုတာ နှစ်ယောက်လုံးသိပါတယ်။ ဒါပေမယ့် လုပ်စရာကိစ္စတွေရှိသေးတာမို့ သွားဦးပေါ့။ ကျွန်တော် သူ့ကို လိုက်ပို့ဖို့ အင်္ကျိပြန်လဲပြီး အောက်ဆင်းခဲ့ကြတယ်။ မိုးကတော့ ကြည်နူးဖွယ် လွမ်းမောဖွယ်ရွာနေဆဲပါပဲ။ ဒီတစ်ခါတော့ ကျွန်တော် ထီးမယူခဲ့တော့ဘူး။ အလာတုန်းကလိုပဲ မိုးရေထဲမှာ အပြေးသွားရင်း စကြနောက်ကြနဲ့ပေါ့။ လမ်းမှာ မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ ကျွန်တော်တို့ကို မင်းတို့နှစ်ယောက် ရူးနေကြလားလို့ မေးသွားပါတယ်။ သူကပြောတယ်။ ခုလမ်းက ငါတို့ကျောင်းရှေ့က လမ်းလို ရေမြုပ်နေရင် ကောင်းမယ်တဲ့။ ကျွန်တော်တို့နှစ်ယောက် လွတ်လပ်စွာရယ်မိကြတယ်။ ဘယ်အချိန်ဘယ်နေရာပဲ ရောက်ရောက် ဘယ်လိုဘဝပဲနေနေ ငယ်ဘဝကို ကျွန်တော်တို့တွေ ဘယ်တော့မှ မေ့မှာမဟုတ်ကြပါဘူး။ လူတိုင်းမှာ ရွှေရောင်အနာဂတ်ရှိသလို မမှေးမှိန်တဲ့ တောက်ပခဲ့တဲ့ အတိတ်ကိုယ်စီရှိခဲ့ကြတာပဲလေ။

ကျွန်တော်တို့ကားဂိတ်ရောက်တာနဲ့ သိပ်မစောင့်လိုရဘူး။ ကားရောက်လာတာနဲ့ ဇော်ဝင်ထွန်းလည်း ကားပေါ်တက်ပြီး သူ့ခရီးသူဆက်သွားလေရဲ့။ ကျွန်တော်လည်း မိုးရေထဲမှာပဲ ခပ်ဆွေးဆွေးလေးလျှောက်ရင်း ငယ်စဉ်တောင်ကျေး ကလေးဘဝကို ခဏပြန်သွားမိတယ်။ လွမ်းလိုက်တာဗျာ။ ဘဝအမောတွေကို ခဏမေ့သွားတယ်။ ပြန်မရနိုင်တော့တာ သိနေပေမယ့် တခါတလေတော့လည်း တမ်းတာမိတယ်။ ကျွန်တော်တင်မဟုတ်ပါဘူး။ ဘဝအတွက် ရုန်းကန်နေကြသူတိုင်း၊ လူသားတိုင်း၊ ကိုယ့်ငယ်ဘဝရဲ့ ရွှေရောင်နေ့တွေကို တမ်းတ မှန်းဆ လွမ်းကြတယ်ဆိုတာ ကျွန်တော်တို့ ကိုယ်တိုင်သိနေခဲ့ကြတာပဲ မဟုတ်လား။ အတိတ်ကို စွဲလန်းနေတာမျိုးမဟုတ်ပေမယ့် အချိန်အခါသင့်လို့ အခွင့်သင့်လို့ ငယ်သူငယ်ချင်းတွေ ပြန်ဆုံကြတဲ့အခါ ကျွန်တော်တို့မိဘတွေတောင် ကျွန်တော်တို့ ဘယ်အရွယ်ပဲရှိနေကြပါစေ သူတို့လည်း ကလေးတွေ ပြန်ဖြစ်သွားတတ်ကြတာပဲလေ။ ကျွန်တော်လည်း ကျွန်တော့်အတွက် ငယ်သူငယ်ချင်းတွေရယ်၊ ငယ်စဉ်က အမှတ်တရတွေရယ်က ကျွန်တော့်ကို အမြဲနုပျိုစေတယ်ဆိုတာ ဝန်ခံရင်း ဒီစာစုလေးကို ငယ်သူငယ်ချင်းများ အမှတ်တရ ရေးသားလိုက်ပါတယ်…။